ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမည့် နည်းလမ်းများ
ပန်းအိုးထိုးတဲ့အခါ ပန်းတွေကို ကြာကြာခံနေစေမည့် နည်းလမ်းတွေရှိပါတယ်။ အလုပ်စားပွဲမှာ အလှပန်းအိုးထိုးတာမျိုး ဖြစ်ဖြစ်၊ သင့်အိမ်ဧည့်ခန်းမှာ အလှဆင် တာမျိုးနဲ့ ဘုရားမှာပန်းအိုးထိုးပြီး ပန်းကပ်ပူဇော်တဲ့အခါ ပန်းတွေ ခဏလေးနဲ့ ညှိုးနွမ်းခြောက်သွေ့သွားတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။
အခု ဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမည့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
၁) ပန်းတွေဝယ်လာတဲ့အခါ ရေဆေးပြီး ပန်းအိုးထိုးတာမျိုးကို ချက်ချင်းမလုပ်ဘဲ ပန်းအရိုးရဲ့ အောက်ခြေ
ပင်စည်ကို ၂ လက်မခန့် ခပ်စောင်းစောင်းလေး ဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ်။ ဒီလို ပြုလုပ်ပေးခြင်းဟာ ပန်းတွေ ရေစုပ်အား ပိုမိုကောင်းမွန်စေပြီး ကြာကြာခံစေပါတယ်။
၂) ပန်းအိုးထိုးတဲ့အခါ ပန်းအိုးထဲကရေနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့ အရွက်တွေကို ခြွေပေးရမှာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ပေးခြင်းဟာ ရက်အနည်းငယ် ကြာတဲ့အခါပန်းအိုးထဲက ရေပုပ်နံ့လို အနံ့မကောင်းတာမျိုးကိုဖယ်ရှားပေးနိုင်တဲ့အပြင် ပန်းအရိုးတံပုပ်ပြီး အညှိုးနွမ်းမြန်တာမျိုးကိုလည်း မဖြစ်စေနိုင်ပါဘူး။
၃) ပန်းအိုးထိုးပြီးတဲ့အခါ အခန်းအပူချိန်ပေါ် မူတည်ပြီး ရေကိုရက်ခြားဆိုသလို ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။ ရေလဲတဲ့အခါတိုင်းလည်း ပန်းအရိုးတံကို လိုအပ်သလို ဖြတ်တောက်ပေးသင့်ပါတယ်။
၄) ပန်းအိုးထိုးတဲ့အခါ ပန်းအိုးထဲက ရေထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာခန့် ထည့်ပေးခြင်းဟာ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့အပြင် ပန်းအိုးထဲကရေတွေ အချိန်ကြာလို့ အနံ့အသက် မကောင်းတော့တာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။
၅) ပန်းတွေကြာကြာခံစေမယ့် နောက်ထပ် နည်းလမ်းကောင်း တစ်ခုကတော့ ပန်းအိုးထိုးတဲ့အခါတိုင်းပန်းအိုးထဲက ရေထဲကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်စာခန့်ကို ရောစပ်ပြီး ထည့်ပေးရမှာပါ။ ပန်းသီးရှာလကာရည်ဟာ ပန်းအရိုးတံတွေကို ပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး သကြားကတော့ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့ အစွမ်း ရှိပါတယ်။
ဟယ်လ်သင်(ဧရာဝတီ)